သမ္မတ အိုဘားမား တည်းခဲ့တဲ့ Kenpinski Hotel


အမေရိကန် သမ္မတ ဘားရက်အိုဘားမား ဟာ သူ့ရဲ့ နေပြည်တော်ခရီးမှာ Kenpinski Hotel မှာတည်းခိုခဲ့ပါတယ်။
Kenpinski Hotelဆိုတာ လူသူခြောက်သွေ့တဲ့ နေပြည်တော်က ဒက္ခိဏသီရိ ဟိုတယ်ဇုန် ရွှေပြည်တော်ဝင်လမ်းမှာရှိတဲ့ ကြယ် ငါးပွင့် အဆင့်ရှိ ဇိမ်ခံ ဟိုတယ်ကြီးတခုပါ။
ယနေ့ခေတ်လက်ရာနဲ့ ရှေးဟောင်း အနုပညာပေါင်းစပ်တည်ဆောက်ထားတဲ့ ခမ်းနားတဲ့ဟိုတယ်ကြီးဖြစ်ပြီး၊ အကောင်းဆုံးအခန်း (Presidential Suite) ဈေးနှုန်းက တညကို အမေရိကန် ဒေါ်လာ ၆၀၀၀ ရှိတယ်လို့ သိရပါတယ်။
တကယ်တော့ Kenpinski Hotel ဆိုတဲ့ အမည်ကို ဥရောပ ထိပ်တန်းဟိုတယ် အုပ်စုတခုက ပိုင်ဆိုင်ပါတယ်၊ ၁၈၉၇ ခုနှစ် ဂျာမနီ နိုင်ငံ ဘာလင်မြို့မှာ စတင် ဖွင့်လှစ်ခဲ့ရာက စပြီး၊ သက်တမ်း နှစ်ပေါင်း ၁၀၀ကျော်အတွင်းမှာ ဥရောပသာမက အရှေ့အလယ်ပိုင်း၊ အာဖရိက ၊ မြန်မာနိုင်ငံအပါအ၀င် ၃၆ နိုင်ငံမှာ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ပေါင်း ၁၀၀ကျော် ပူးပေါင်းဖွင့်လှစ်ထားပါတယ်။
နေပြည်တော်က Kenpinski Hotel ကိုတော့ ကမ္ဘောဇဘဏ်နဲ့ Air KBZ လေကြောင်းလိုင်းကို ပိုင်ရှင် စီးပွားရေး လုပ်ငန်း ရရှင် ဦးအောင်ကိုဝင်း (KBZ)က ပူးတွဲ ပိုင်ဆိုင်ပါတယ်။ ဦးအောင်ကိုဝင်းဟာ အမေရိကန်ရဲ့ ဒဏ်ခတ် ပိတ်ဆို့အရေးယူမှုမှ လွတ်ကင်းတဲ့ လုပ်ငန်းရှင် တဦးလည်းဖြစ်ပါတယ်။
ဒီတခါ အမေရိကန်သမ္မတ အိုဘားမား ခရီးစဉ်မှာ တည်းခိုနေထိုင်မှုနဲ့ ပတ်သက်ပြီး၊ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက လာရောက်ခဲ့တဲ့ နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီ လို ဝေဖန်မှုမခံရအောင်၊ သေချာစိစစ်ရွေးချယ်ခဲ့ပုံရပါတယ်။
သမ္မတ အိုဘားမားရဲ့ မြန်မာပြည်ခရီးစဉ်အတွက် သူ့ရဲ့ ရုံးအဖွဲ့ဟာ လွန်ခဲ့တဲ့ ၉ လခန့်ကတည်းက ကြိုတင်ပြင် ဆင် ခဲ့ပြီး၊ အမေရိ ကန်နိုင်ငံက လုံခြုံရေးအရာရှိတွေနဲ့ နိုင်ငံခြားရေးဝန်ကြီး ဌာနက တာဝန်ရှိသူတွေဟာ လွန်ခဲ့တဲ့ ၂လခန့်က တည်းက Kenpinski Hotel တခုလုံးကို ငှားရမ်းနေထိုင်ကာ တခြားဧည့်သည်တွေကို တည်းခိုခွင်ပေးတော့ပါဘူး။
လုံခြုံရေးအရ ဟိုတယ် ပြူတင်းပေါက်တွေကို ကျည်ကာမှန်တွေ လဲလှယ်ကာရန်ခဲ့သလို၊ သမ္မတအိုဘားမားရဲ့ လုံခြုံရေးအတွက် လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ် နိုဝင်ဘာလက သမ္မတ အိုဘားမားဟာ ပထမအကြိမ် မြန်မာပြည်ကို လာရောက်ခဲ့ပါသေးတယ်၊ ဒါပေမယ့် နေပြည်တော်ကို သွားရောက်ခြင်းမရှိပဲ၊ ရန်ကုန်မြို့မှာသာ နေထိုင်ခဲ့ပါတယ်။






Comments

Popular Posts