“သင့်မှာ 9E\1000 ကျော်ကားရှိသလား။ ဒီလိုကားမျိုး စီးနေတဲ့အတွက် ဂုဏ်ယူစရာ မကောင်းပါဘူး

Written by - မာန်သူရှိန်၊ ဟိန်းမင်းလတ်

အရင်အစိုးရ လက်ထက်မှာ ကားတွေက ခရိုနီတစ်စုပဲ တင်သွင်းခွင့်ရပြီး ကားဈေးကွက်ကလည်း သိန်းထောင်နဲ့ သောင်းနဲ့ချီပြီး ရှိခဲ့ပါတယ်။ အစိုးရသစ်ပြောင်းလိုက်တဲ့ အချိန်ကစပြီး ကားတင်သွင်းခွင့်တွေ ပေးလိုက်တာခုဆိုရင် အစီးရေလေးသိန်းနီးပါးလောက်အထိ တင်သွင်းခဲ့ပြီးဖြစ်ပါတယ်။
ကားတင်သွင်းမှုကနေ အစိုးရဟာ Custom Duty နဲ့ ကုန်သွယ်ခွန်အတွက် ဒေါ်လာတစ်ဘီလျံ နီးပါးရခဲ့ပါတယ်။ ကညနယာဉ် မှတ်ပုံတင်ကြေးက ဒေါ်လာတစ်ဘီလျံနီးပါး ရခဲ့ပါတယ်။ စုစုပေါင်း အနည်းဆုံး နှစ်ဘီလျံနီးပါး ရပါတယ်။ ကားအစီးရေ စုစုပေါင်း လေးသိန်းနီးပါး သွင်းခဲ့တယ်။ ကားတင်သွင်းတဲ့သူ အများစုက သာမန်တစ်ဦးချင်း တင်သွင်းသူနဲ့ ကားတင်သွင်းတဲ့ လုပ်ငန်းနဲ့ လုပ်ကိုင်သူတွေ အများစုပဲ ဖြစ်ပါတယ်။ Brand New ကားတွေမပါဘဲနဲ့ သာမန် Used ကားတွေ သွင်းတဲ့သူတွေက သာမန်စီးပွားရေး သမားတွေပါပဲ။ အခွင့်အရေး ရရှိတဲ့သူတွေ မဟုတ်ဘူး။ အခွင့်ရေးရရှိတဲ့ ခရိုနီတွေကအခု တန်ဖိုးမြင့် Brand New ကားတွေ တင်သွင်းလာကြတယ်။
Brand New ကားတွေ သွင်းတယ်ဆိုပေမယ့် ခရိုနီအချို့က အများနည်းတူ အခွန်မဆောင်ဘဲ သွင်းလာတဲ့ စုန်းပြူးကားတွေ ပါလာကြတယ်။
ကားအစီးရေ လေးသိန်းနီးပါးထဲမှာ ထူးခြားထင်ရှားပြီးတော့ စုန်းပြူးအဖြစ် ပါလာတာကတော့ 9E\1000 ကျော်ဆိုတဲ့ နံပါတ်နဲ့ ကားအစီး တစ်ထောင်ကျော် ဖြစ်ပါတယ်။ ဒီကားတွေက သူများတွေလို အခွန်ပေးသွင်းပြီး အခွန်ဆောင်ထားတာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးပါမစ် ခေါင်းစဉ်တပ်ပြီး တင်သွင်းခဲ့တဲ့ ကားတွေဖြစ်တယ်။
ခွင့်ပြုပေးတာကတော့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပါပဲ။ ဒီဇင်ဘာ ၂၁ ရက် က MPC မှာပြုလုပ်ခဲ့တဲ့ အစည်းအဝေးတစ်ရပ် အပြီးမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက သတင်းထောက်တွေကို ကားပါမစ်နဲ့ ပတ်သက်ပြီး ကြေညာချက်တစ်ရပ်ကို ပြောကြားခဲ့ပါတယ်။ အဲဒီကြေညာချက်မှာ ဦးအောင်မင်းက ကားပါမစ်လို့ မသုံးစွဲခဲ့ဘဲ ကားမှတ်ပုံတင်ပေးခြင်းဆိုပြီး ပြောကြားခဲ့ပါတယ်။ နောက်ပြီး ဦးအောင်မင်းက ကားလိုင်စင်တွေကို သမ္မတပေးခဲ့တာ မဟုတ်ပါဘူး။ အစိုးရအဖွဲ့ကိုယ်စား ၎င်းကိုယ်တိုင်က ပေးခဲ့တာပါလို့ ပြောခဲ့ပါတယ်။ ဦးအောင်မင်းရဲ့ ပြောကြားချက်အရ လက်ရှိအချိန်အထိ တိုင်းရင်းသား ခေါင်းဆောင်တွေအတွက် အခွန်မဲ့ကား ၃၇ဝ၊ လက်အောက်ငယ်သားတွေ စီးဖို့အတွက် ရာခိုင်နှုန်း ၆ဝ အခွန်ဆောင် ၇၄ဝ စီး၊ စုစုပေါင်း အစီး ၁၁၁ဝ လိုင်စင်ထုတ်ပေးပြီး ဖြစ်တယ်လို့ သိရပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေကို အစီးရေ ၁၁၁ဝ လိုင်စင်ထုတ်ပေးခဲ့တယ်လို့ ဦးအောင်မင်းက ပြောကြားခဲ့တာပါ။ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (က.ည.န)မှာ စုံစမ်းကြည့်တဲ့အခါ ငြိမ်းချမ်းရေး ပါမစ်တွေအတွက် ကားအစီးရေ သုံးထောင်စာ နံပါတ်ချန်ထားတယ်လို့ သိရပါတယ်။ ချန်ထားတဲ့နံပါတ်က 9E\1000 ကျော် (စတင်စဉ်က ၉င/၁ဝဝဝ ကျော်) ပဲ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးသမားတွေကို ပါမစ်ပေးတယ်။ ငြိမ်းချမ်းရေး အဖွဲ့တွေဆီက ပွဲစားနဲ့ခရိုနီတချို့က သိန်း ၅ဝဝ ကနေ သိန်း ၁၅ဝဝ ပေးဝယ်ခဲ့ကြတယ်။ ငြိမ်းချမ်းရေး အဖွဲ့တွေက ပါမစ်တစ်စောင်မှ ကျပ်သိန်း ၅ဝဝ ကနေ ၁၅ဝဝ ကြားပဲရခဲ့ပေမယ့် ပွဲစားနဲ့ ခရိုနီတွေကတော့ အခွန်ကင်းလွတ်ခွင့်အချက်ကို အပြည့်အဝအသုံးချပြီး အမေရိကန်ဒေါ်လာ ငါးသိန်းလောက်အထိ တန်ဖိုးရှိတဲ့ ကားတွေကိုပါ အခွန်လွတ်နဲ့ သွင်းခဲ့ကြတာပါ။
ဧရာဝတီသတင်းဂျာနယ်မှာ ဖော်ပြချက်အရဆိုရင် ထိုင်းနိုင်ငံမှာတောင် အစီးရေ နည်းနည်းပဲရှိနိုင်တယ်။ ဒါပေမဲ့ ဒီမှာသွင်းတာက RollsRoycePhantom လို ကားမျိုး အစီးရေ ၄ဝ ကျော်ပါတယ်။ Ferrari က ၁ဝ စီး၊ Lamborghini က ၁ဝ စီးပါတယ်။
Phantom ကားဆို တကယ်သတ်မှတ်ချက်က ပြည်ပမှာ ဒေါ်လာငါးသိန်းဝန်းကျင် ရှိတယ်။ ဒါပေမဲ့ အစိုးရကဒီမှာ CIF သတ်မှတ်လိုက်တာက Phantom ကို ဒေါ်လာလေးသိန်းခွဲပဲ သတ်မှတ်ခဲ့ပါတယ်။ Phantom လို ကားတစ်စီးကို အစိုးရကသတ်မှတ်တဲ့ CIF အမေရိကန်ဒေါ်လာ လေးသိန်းခွဲနှုန်းနဲ့ အခွန်ပေးဆောင်ပြီး တင်သွင်းမယ်ဆိုရင် အခွန်အရပ်ရပ် ကျပ်သိန်းပေါင်း ၇၇ဝဝ ဝန်းကျင်ကျသင့်မှာ ဖြစ်ပါတယ်။ အခွန်ဆောင်ပြီး ကားတစ်စီးတန်ဖိုးဟာ ကျပ်သိန်းပေါင်း ၁၂ဝဝဝ ဝန်းကျင်အထိ ကျသင့်မှာဖြစ်ပါတယ်။ Phantom လို ကားတစ်စီးကို ပြည်ပကဈေးနှုန်းအတိုင်း အမေရိကန်ဒေါ်လာ ငါးသိန်းနှုန်းနဲ့ အခွန်ပေးဆောင်ပြီး တင်သွင်းမယ်ဆိုရင် အခွန်အရပ်ရပ် ကျပ်သိန်းပေါင်း ၈၅ဝဝ ဝန်းကျင်ကျသင့်မှာ ဖြစ်ပါတယ်။ အခွန်ဆောင်ပြီး ကားတစ်စီးတန်ဖိုးဟာ ကျပ်သိန်းပေါင်း ၁၃ဝဝဝ ဝန်းကျင်အထိ ကျသင့်မှာ ဖြစ်ပါတယ်။Phantom လို ကားတစ်စီးကို အစိုးရက သတ်မှတ်တဲ့ CIF အမေရိကန်ဒေါ်လာ လေးသိန်းခွဲနှုန်းနဲ့ အခွန်အရပ်ရပ် ကင်းလွတ်ခွင့် ပါမစ်ဆိုရင် ဝယ်ယူတင်သွင်းသူက အခွန်ငွေ ကျပ်သိန်းပေါင်း ၇၇ဝဝ ကျော် သက်သာသွားပြီး ပြည်သူ့ဘဏ္ဍာငွေကတော့ များစွာနစ်နာခဲ့ရပါတယ်။ သူတို့က Phantom ကို စုစုပေါင်းသိန်း ၇ဝဝဝ နီးပါးနဲ့ ဝယ်ယူစီးနင်းခွင့် ရကြပါတယ်။ အခုတကယ်လို့သာ သူတို့ဝယ်ယူတင်သွင်းမယ်ဆိုရင် ကားမူရင်းတန်ဖိုးက ဒေါ်လာငါးသိန်းရယ် ကျပ်သိန်း ၈၅ဝဝ နဲ့ဆိုတော့ စုစုပေါင်းကျပ်သိန်း ၁၃၅ဝဝ ကျသင့်ပါမယ်။ ဒီတော့ပြည်သူတွေကိုပေးရတဲ့ ပြည်သူ့ဘဏ္ဍာထဲကနေ ကားတစ်စီးကို သိန်း ၇ဝဝဝ ကျော် သက်သာတော့ ကားအစီး ၄ဝ ဆို စုစုပေါင်းမြန်မာကျပ်ငွေနဲ့ တွက်ရင် အခွန်အရပ်ရပ် ကျပ်သန်းပေါင်း ၃ဝဝဝဝ ကျော်အထိ နစ်နာသွားခဲ့ရတာပါ။
Lamborghini ဆိုရင်လည်း သူတို့သတ်မှတ်တာ ဒေါ်လာသုံးသိန်း။ သူတို့သတ်မှတ်ပေးတဲ့ ဒေါ်လာသုံးသိန်းနဲ့ တွက်မယ်ဆိုရင်တောင် တစ်စီးကို အခွန်ချည်းပဲသီးသန့် ကျပ်သိန်း ၅၁ဝဝ နီးပါးလောက်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တချို့ Lamborghini တွေက ဒေါ်လာတစ်သန်းကျော် တန်တွေပါတယ်။ အခုမြန်မာကိုတင်ပို့တဲ့ Lamborghini တွေက ဒေါ်လာသုံးသိန်းတန် သတ်မှတ်ထားတဲ့ Avantador တွေမဟုတ်ဘူး။ ဒေါ်လာတစ်သန်းကျော် တန်သာဆိုရင် အခွန်ငွေဘယ်လောက် နစ်နာသွားမလဲ။
ဒီကားတွေနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးသမားတွေ ရသွားတာ ပါမစ်တစ်စောင်မှ ကျပ်သိန်း ၅ဝဝ နေ အများဆုံး ၁၅ဝဝ အထိ ပဲရခဲ့တာပါ။
အစီးတစ်ထောင်ဝန်းကျင်လို့ ဆိုပေမယ့် တန်ဖိုးအင်မတန်ကြီးတဲ့ကား၊ ထိုင်းမှာတောင်ရှားပါးတဲ့ ကားအမျိုးအစားတွေကို အများအပြား အခွန်လွတ်နဲ့ သွင်းခဲ့ကြလို့ ဒီ 9E အစီး ၁ဝဝဝ တည်းနဲ့တင် နိုင်ငံက နစ်နာသွားတဲ့ အခွန်ပမာဏဟာ အမေရိကန်ဒေါ်လာ သန်း ၃ဝဝ လောက်အထိ ရှိနိုင်ပါတယ်။
ဒီအခွန်ငွေပမာဏဟာ အများပြည်သူ ကားအစီး လေးသိန်းဝန်းကျင်ကနေရတဲ့ အခွန်ပမာဏ စုစုပေါင်းရဲ့ ၁၅ ရာခိုင်နှုန်း ဝန်းကျင်အထိ ရှိပါတယ်။
အဲဒီတော့ ကြားထဲမှာ အမြတ်ရရှိသွားတဲ့သူတွေက ဘယ်သူတွေလဲဆိုတော့ ဒီငြိမ်းချမ်းရေးကားတွေကို ဝယ်ရောင်းလုပ်တဲ့ သူတွေပါပဲ။
ဒီကားတွေကို ဘယ်သူတွေတင်သွင်းတာလဲ ပြန်ကြည့်လိုက်ရင် ယခင်အစိုးရလက်ထက်က ခရိုနီကြီးတွေ၊ သူတို့နဲ့ အဆက်အနွယ်တွေ၊ အရင်အစိုးရလက်ထက်က ကားဝယ်ရောင်း လုပ်တဲ့သူတွေပါပဲ။ ဒီဘက်ခေတ်မှာ ကားအရောင်းအဝယ် လုပ်နေတဲ့သူတွေ မဟုတ်ဘူး။ အရင်အစိုးရလက်ထက်က ကားပါမစ်နဲ့ လုပ်စားခဲ့တဲ့သူတွေ။ နောက်ဝယ်တဲ့သူတွေ အားလုံးက ခရိုနီကြီးတွေ။ အခုအစိုးရနဲ့ ယခင်အစိုးရအဖွဲ့ဝင်အချို့ရဲ့ သားသမီးတွေ။ သူတို့နဲ့ပတ်သက်စပ်ဆက်တဲ့သူ အများစုက ဒီလိုကားတွေ ဝယ်နေကြခြင်းဖြစ်ပါတယ်။
ဒီကားစီးတဲ့သူတွေကို သွားကြည့်လိုက်ပါဦး။ နာမည်ကြီး မင်္ဂလာဆောင်တွေ၊ ဆီဒိုးနားဟိုတယ်လို နေရာတွေမှာ သွားကြည့်လိုက်ပါဦး။ တကယ်တော့ 9E\1000 ကျော်စီးနေသူတွေ အနေနဲ့ ဒါကဂုဏ်ယူစရာ မဟုတ်ဘဲ ရှက်စရာ ဖြစ်နေတာပါ။
အများနည်းတူ မဟုတ်ဘဲနဲ့ အခွင့်အရေးကို ပိုလိုချင်တဲ့ဟာ ဒီခေတ်မှာလည်း ရှိနေတုန်းပါလား ဆိုတာကတော့ ဒီ 9E\1000 ကျော်နံပါတ်နဲ့ Rolls Royce တွေ Lamborghini တွေ စီးနင်းနေသူတွေက သက်သေပါပဲ။
တကယ်ကျတော့ ဒီလို အစုလိုက်အပြုံလိုက် တင်သွင်းမှုဟာ အကြီးအကျယ် အခွန်ရှောင်မှုပါပဲ။ အခွန်ရှောင်မှုကို လုပ်ခဲ့တာ အားလုံးဟာ ရှက်စရာပါပဲ။ အဲဒီရှက်စရာ ကိစ္စကို ပထမဆုံးလုပ်ဆောင်ခဲ့တာ ရှက်စရာကို ပထမဆုံးခွင့်ပြုခဲ့တာ သမ္မတရုံးပါပဲ။ နောက်ရှက်စရာကတော့ ငြိမ်းချမ်းရေးဗန်းပြပြီး ဝယ်ရောင်းလုပ်ခဲ့တဲ့ သူတွေပါ။ တတိယရှက်စရာ ကောင်းသူတွေကတော့ 9E\1000ကျော်ကို စီးနေတဲ့သူတွေပါပဲ။
ဒီလိုစီးနင်းနေတဲ့ သူတွေထဲမှာ ၈ဝ ရာခိုင်နှုန်းကျော်က ခရိုနီတွေပါ။ ဒီလိုအခွန်ရှောင်သူတွေက ပြည်သူတွေနဲ့ တန်းတူမဟုတ်ဘဲ အစီးလေးသိန်းကျော် စီးနင်းနေတဲ့ သာမန်ပြည်သူတွေနဲ့မတူဘဲ အခွင့်အရေးကို လက်တစ်လုံးကြားနဲ့ လုပ်တဲ့သူတွေပါ။ အခု 9E\1000ကျော် စီးနေတဲ့သူတွေက သူတို့ကားတွေကို ဂုဏ်ယူဝံ့ကြွားစွာနဲ့ မျက်နှာမော့ပြီး စီးနေပါတယ်။ သိန်းတစ်သောင်း သုံးထောင်ဝန်းကျင် တန်တာကို စီးနေတယ်။ ယာဉ်ထိန်းရဲတွေကတွေ့လို့ 9E\1000ကျော်ဆို အလေးပြုနေရမယ်ဆိုရင် ဒါဟာ အများပြည်သူရဲ့ မြင်ကွင်းမှာ ရှက်စရာပါပဲ။ အများနည်းတူ အစီးရေလေးသိန်းလို အခွန်အပြည့်အဝ ပေးဆောင်ပြီး မစီးဘဲ အခွင့်အရေးနဲ့ စီးနေလို့ပါ။9E\1000 ကျော်ကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ ခရိုနီစီးပွားရေးစနစ်ဟာ အခုထိရှင်သန် ကောင်းတုန်းပါပဲ။ အစိုးရကလည်း အခွန်ရှောင်မှုကို တရားဝင်ခွင့်ပြုလိုက်သလို လုပ်ပေးခဲ့တာဟာလည်း ရှက်စရာကောင်းပါတယ်။
တကယ်ကျတော့ ဒီအစီးတစ်ထောင်ကျော်ဟာ မှတ်ပုံတင်ထားတဲ့ လူစီးမော်တော်ယာဉ် အစီးလေးသိန်းနီးပါးထဲမှာ တစ်ရာခိုင်နှုန်းတောင် မရှိပါဘူး။ အဲဒီတစ်ရာခိုင်နှုန်းတောင် မရှိတဲ့ကားတွေဟာ အလွန်ပဲ ရှက်စရာ ကောင်းနေပါတယ်။ စီးနင်းတဲ့သူတွေရဲ့ အရှက်တရားကိုလည်း တွေးတောနေမိပါတယ်။
ကဲ ဒါဆိုရင် သင်ဟာလမ်းမှာ 9E\1000 ကျော်နဲ့ အဲဒီကားစီးနေတဲ့ သူတွေကိုတွေ့ရင် အများနည်းတူ မဟုတ်ဘဲ အခွင့်အရေး ပိုလိုချင်နေတဲ့ လူတွေကိုကြည့်တဲ့ အထင်သေးတဲ့ မျက်လုံးလေးနဲ့ တစ်ချက်ကလေး ကြည့်ပေးလိုက်ပါ။ သင်ဟာ တာဝန်ကျေပါပြီ။
Src; Eleven Media Group

Comments

Popular Posts